မှားယွင်းပြီး လေထီးနဲ့ ခုန်ထွက်လို့ ပျက်ကျခဲ့တဲ့ တိုက်လေယာဉ်ရဲ့ အပျက်အစီးတွေကို ပြန်လည် သိမ်းဆည်းနေ

စက်တင်ဘာ၊ ၂၀ လေယာဉ်မှူးက မှားယွင်းပြီး လေထီးနဲ့ ခုန်ထွက်မိရာက ပျက်ကျခဲ့တဲ့ F-35 တိုက်လေယာဉ်ပျက်ရဲ့ အစိတ်အပိုင်းတွေကို မရိန်းတပ်ဖွဲ့က ဦးဆောင်ပြီး ပြန်လည် ရှာဖွေ သိမ်းဆည်းနေပြီ ဖြစ်ပါတယ်။ မရိန်းတပ်ဖွဲ့သုံး F-35Bတွေဟာ ကမ္ဘာပေါ်မှာ နည်းပညာ အမြင့်ဆုံး၊ တန်ဖိုးအကြီးဆုံး တိုက်လေယာဉ် အမျိုးအစား တခုအဖြစ် သတ်မှတ်နိုင်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ အတော်လေး ရှားပါးတဲ့ လွဲချော်မှု တခုအဖြစ် F-35B လေယာဉ်မှူး တဦးဟာ လေ့ကျင့် ပျံသန်းနေရင်း လေထီးနဲ့ မှားယွင်း ခုန်ထွက်မိပါတယ်။ လေယာဉ်ဟာ Autopilot စနစ်နဲ့ ဆက်လက် ပျံသန်းပြီး တရက်လောက်ကြာအောင် ပျောက်ဆုံးနေခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ လေယာဉ်မှူး ခုန်ထွက်ခဲ့တဲ့ နေရာနဲ့ မိုင် ၆၀ အကွာ၊ တောင်ပိုင်းကာရိုလိုင်းနား ပြည်နယ်ထဲက တောအုပ်ဧရိယာ တခုထဲ ပျက်ကျနေတဲ့ လေယာဉ်ကို ရှာတွေ့ခဲ့ကြပါတယ်။ ဒီဖြစ်စဉ်ကြောင့် မြေပြင်ပေါ်မှာ ရှိနေသူတွေ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သတင်းမကြားသလို လေယာဉ်မှူးလည်း ဘေးအန္တရာယ် ကင်းခဲ့ပါတယ်။
Back to Top