ပြည်ပထွက်အလုပ်လုပ်ခွင့် ပိတ်ပင်သည့်ကိစ္စ စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာန ဘာပြောလဲ

အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ခွင့် စစ်ကောင်စီ တားမြစ် ........ အမျိုးသားတွေ ပြည်ပကို တရားဝင်ထွက်ခွာပြီး အလုပ်လုပ်ကိုင်ခွင့်ကို မေလ ၁ရက်နေ့ကစတင် ရပ်ဆိုင်းလိုက်တယ်လို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ဒီကနေ့ မွန်းလွဲပိုင်းမှာ Myanmar Now ကို အတည်ပြုပါတယ်။ ဒီကန့်သတ်ပိတ်ပင်မှုဟာ မေလ ၁ရက်နေ့ကနေ နောက်ပိုင်း အလုပ်ခေါ်စာ တင်တဲ့သူတွေကို ရည်ညွှန်းတာဖြစ်ပြီး၊ မေလ ၁ရက်နေ့မတိုင်ခင် ခွင့်ပြုချက်ကျပြီးသားသူတွေတော့ အကျုံးမဝင်ဘူးလို့ သိရပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ အထွေထွေကျပ်တည်းမှုတွေနဲ့ အခုနှစ် ဖေဖော်ဝါရီလမှာ အသက်သွင်းလိုက်တဲ့ စစ်မှုမထမ်းမနေရဥပဒေကြောင့် လူငယ်တွေ အလုံးအရင်းနဲ့ ပြည်ပထွက်အလုပ်လုပ်ဖို့ ပြင်ဆင်နေချိန် စစ်ကောင်စီက အမျိုးသားတွေကို ခုလို ကန့်သတ်လိုက်တာပါ။ ဒီကန့်သတ်ချက်ဟာ ဘယ်ကာလအထိ အကျုံးဝင်မလဲဆိုတာကိုတော့ စစ်ကောင်စီဘက်က တိတိပပ ပြောဆိုတာ မရှိသေးပါဘူး။ အခုလို ပိတ်ပင်မှုဟာ ပြည်ပထွက်အလုပ်လုပ်ကြမယ့် အမျိုးသားအားလုံးနဲ့ အကျုံးဝင်တယ်လို့ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေက ပြောပါတယ်။ ဒါဟာ PJ လို့ခေါ်တဲ့ အလုပ်လုပ်ကိုင်ခွင့်ပတ်စ်ပို့ကိုင်ထားသူအားလုံး တရားဝင်လမ်းကြောင်းကနေ ပြည်ပထွက်ခွင့် မရှိတော့တဲ့သဘောလည်း ဖြစ်ပါတယ်။ PJ ပတ်စ်ပို့က ပြည်ပထွက်မယ့် အလုပ်သမားတွေအတွက် ထုတ်ပေးတာဖြစ်လို့ ပြည်ပထွက်ချင်ရင် အလုပ်ကိစ္စနဲ့ပဲထွက်အောင် စစ်ကောင်စီက တင်းကျပ်ထားပါတယ်။ သတင်း၊ တင်ဆက် - စထွန်းအောင်
Back to Top